ပဲခူး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုသင်တန်းအား တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရာသီအလိုက်ထွက်ရှိတဲ့ သီးနှံ များအား တာရှည်ခံ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချခြင်းအားဖြင့် တပ်ဖွဲ့ဝင် မိသားစု များ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွား ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းဖြစ်၍ လက်ဆေးဆပ်ပြာ၊ Hand Gel၊ Spray များ ထုတ်လုပ်ခြင်းကိုလည်း သင်ကြားပေးမည်ဖြစ်၍ အလွန်အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးမှ တန်ဖိုးမြှင့် စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်းတွင် သင်ကြားပေး မည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့သည်။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးအား စာတွေ့ ၃၀% လက်တွေ့ ၇၀% သင်ကြးပေးမည်ဖြစ်ပြီး Product၊ Quality Control ၊ Packaging တို့ကိုပါ သင်ကြားပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map (၅)ချက်၊ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြာခဲ့ပြီး တက်ရောက်လာကြသူများက ရပ်ကွက်အတွင်း ကွန်ကရစ်လမ်း လိုအပ်ချက်၊ လျှပ်စစ်မီးလိုအပ်ချက်၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်၊ ကဝ မြို့အဝင်တံတား အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် စက်ရုံအလုပ်ရုံ တည်ဆောက်ခွင့်ပြုပေးနိုင်ရေး လိုအပ်ချက်များ တင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တင်ပြချက် များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ဒေသခံပြည်သူများ အတွက် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ကဝမြို့၊ (၆) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ ဦးကျော်သူ၏ ဒေသမျိုးကြက်မွေးမြူ ရေးခြံနှင့် ဇွဲဘာကျေးရွာရှိ ဒေါက်တာနိုင်လင်းဆွေ၏ စီးပွားဖြစ် ဥစားဘဲ (၂၀၉၀၀)ကောင် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စျေးကွက်ခိုင်မာမှု ရရှိရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ ဖလေးစံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မတ်ကော် စေတီသို့ သွားရောက်ဖူးမြှော်ခဲ့ပြီး စေတီတော်ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် အလှူငွေကျပ်(၃) သိန်း အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်