မြိတ် ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အားထားရသော ဘုရားကိုင်ချောင်းနှင့် မြိတ်တောင်ချောင်းတို့အား တိမ်ကောမှုမရှိစေရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ကုန်း/ရေနှစ်တန် သွားဘက်ဟိုး(မြေတူးယာဉ်)ဖြင့် ရန်ပုံငွေများလျာထားပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘုရားကိုင်ချောင်းနှင့် မြိတ်တောင်ချောင်းတို့သည် မြို့ပေါ်ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းလျက် ရှိပြီး နှစ်စဉ်ပင်လယ်ဒီရေအတက်အကျနှင့် မိုးရေများကြောင့် သဲများ၊ နှုန်းမြေများ၊ ဗေဒါပင်၊ ဒိုက်ပင်နှင့် အမှိုက် များကြောင့် ချောင်းတိမ်ကောမှုများ ဖြစ်လာခဲ့ရာ ရေစီးရေလာ ကောင်းမွန်းစေရေးအတွက် ချောင်းတူးဖော်ရေးလုပ် ငန်းဆောင်ရွက်ရန် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် ကုန်း/ရေနှစ်တန်သွားဘက်ဟိုး (မြေတူးယာဉ်) ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
“အဓိကအားဖြင့် ရေပေါ်သွားလာနိုင်တဲ့ ဘက်ဟိုးယာဉ်နဲ့ ရေအနက်(၄)ပေမှ(၈)ပေအထိရှိတဲ့နေရာ တွေမှာ ရေထဲမှာရှိတဲ့ နှုန်းတွေနဲ့ ကြမ်းပြင်မှာရှိတဲ့ အမှိုက်တွေကို တူးဖော်သွားမှာဖြစ်ပါတယ်။ ချောင်းတူးဖော်ဖို့ စည်ပင်သာယာရေးအဖွဲ့ရဲ့ လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေထည့်သွင်း ရေးဆွဲလျာထားပြီးတော့ ရန်ပုံငွေ ရရှိမှုပေါ်မူတည်၍ မြိတ်တောင်ချောင်း၊ ဘုရားကိုင်ချောင်များတွင် ပြည်သူလူထုပူးပေါင်းမှုနှင့်အတူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောသည်။
ကုန်း/ရေနှစ်တန် သွားဘက်ဟိုး(မြေတူးယာဉ်)သည် CAT 307.5 AM 80 အမျိုးအစားဖြစ်ပြီး ယာဉ် အကျယ်သည် (၁၁)ပေ(၁)လက်မရှိကာ (၁၃)ပေ(၉)လက်မအထိ ချဲ့ကားနိုင်ကြောင်း၊ ထို့အတူ ယာဉ်တွင်ရေလုံ ဗောနှစ်ဖက်မတပ်ဆင်ဘဲ ရေအနက်(၁.၁)မီတာဆင်း၍ တူးဖော်နိုင်ပြီး ယာဉ်တွင်ရေလုံ ဗောနှစ်ဖက်တပ်ဆင်၍ ရေအနက်(၂.၅)မီတာရှိသည့် ချောင်းအတွင်း ဆင်း၍မောင်းနှင်နိုင်ကာ ယာဉ်မှာ ပါရှိသည့်လက်တံဖြင့် အနက်(၁၂) ပေ(၆)လက်မထိ တူးဖော်နိုင်ကြောင်း၊ အဆိုပါဘက်ဟိုးကို စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၂၇၉၀)ဖြင့် ဝယ်ယူထားရှိကြောင်း မြိတ်စည်ပင်မှ သိရသည်။
ခိုင်ထူး