မြိတ် ဇွန် ၂၂
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကိုအခြေခံ၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်စေရန်အတွက် မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၁)ရက် နေ့လယ်ပိုင်းက ရိုက်ကူးခဲ့ကြသည်။
“မြိတ်မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအနေနဲ့ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်၍ နှစ်တိုနှစ်ရှည်သီးနှံပင်များ စိုက်ပျိုးတဲ့အခါ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုး သန့်များစိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်အတွင်းကို ရောင်းတန်းဝင်နိုင်ရေးအတွက် ရည်ရွယ်ပြီး Online Talk Show ကို တင်ဆက်ပေးရခြင်းဖြစ်ပါတယ်” ဟု ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးအရာရှိ ဒေါ်မေသန္တာအောင် က ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးသန့်ထုတ်လုပ်ရေးနှင့် မျိုးသန့်ပြောင်းလဲစိုက်ပျိုးရေးလုပ်ငန်း၊ မြေဆီလွှာ အဆင့်မြှင့်တင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ ဘက်စုံပိုးမွားရောဂါကာကွယ် နည်းလမ်းများအသုံးပြု၍ ပိုးမွားရောဂါ ကာကွယ်နှိမ်နှင်းခြင်းလုပ်ငန်း၊ သိပ္ပံနည်းကျ စိုက်ပျိုး ထုတ်လုပ်နည်းစနစ်တွေကို တောင်သူဦးကြီးများ သိရှိနားလည် လိုက်ပါဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်း စသည့် လုပ်ငန်း စဉ်ကြီး(၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ အဓိကထားပြီး လုပ်ဆောင်နေတာကတော့ ကျေးလက်နေပြည်သူတွေ စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍကနေ ဝင်ငွေတိုးတက်ပြီး လူနေမှုအဆင့်အတန်း မြှင့်မားလာဖို့နဲ့ နိုင်ငံ့စီးပွားရေးကို အထောက်အကူ ပြုဖို့ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ဦးတည်ပြီး ဆောင်ရွက်လျက် ရှိပါတယ်။ မိုးစပါးစိုက်ပျိုးတဲ့နေရာမှာ လက်ရှိအနေ အထားအရဆိုရင် မိုးကောင်းသောက်ကလွဲပြီး တခြားရေ ရရှိရေး နည်းလမ်းတွေဖြစ်တဲ့ ဆည်မြောင်း တာတမံများ၊ မြစ်ရေတင်ခြင်းလုပ်ငန်းများ၊ မြေအောက်ရေ တူးဖော်ခြင်းလုပ်ငန်းများ စတဲ့ လုပ်ငန်းတွေမရှိတဲ့အတွက် သဘာဝ မိုးရေ တစ်ခုတည်းကိုသာ အားကိုးပြီးတော့ စိုက်ပျိုး ထုတ်လုပ်တဲ့အတွက် ရာသီ သီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးထုတ်လုပ် လျက်ရှိပါတယ်” ဟု မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမြတ်စိုး က ဆွေးနွေးပြောကြားသည်။
မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ဧကအနေဖြင့် (၄၂၄၉၆)ဧက နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဆင်းသုခ၊ မှော်ဘီ(၂)၊ ဆင်းသွယ်လတ် မျိုးစပါးများ စိုက်ပျိုးကြပြီး တစ်ဧကပျှမ်းမျှ အထွက်နှုန်း(၇၁.၆) တင်း ထွက်ရှိကြောင်း၊ မိုးစပါး သီးနှံတွင် ကန်ထရိုက်လယ်ယာ လုပ်ငန်းဆောင်ရွက်ခြင်း၊ အဆင့်မြင့်လယ်ယာ ဖော်ထုတ်ခြင်းလုပ်ငန်း၌ ကွင်းကို အခြေခံသည့် တောင်သူအစုအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ခြင်းဖြင့် သီးနှံများ ထွက်ရှိလာချိန်တွင် စုပေါင်း ရောင်းချခြင်း၊ သွင်းအားစုများ စုပေါင်းဝယ်ယူခြင်း စသည့် လုပ်ငန်းလုပ်ကိုင်ရာတွင် တောင်သူများ ပိုမိုအဆင်ပြေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး