ပြည် ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ ယမန်နေ့နံနက်ပိုင်းက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဆရာဖြစ်သင်တန်း (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၂) ရဲလေ့ကျင့်ရေး သင်တန်းကျောင်း(ဝက်ထီးကန်) ကျောင်းအုပ်ကြီး ရဲမှူးကြီးစန်းကိုက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(ဝက်ထီးကန်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်နှင့် အရာထမ်းအမှုထမ်းများ၊ (MANA)မှ တိုင်းအတွင်းရေးမှူး ဦးရဲထွဋ်၊ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး(ငြိမ်း) ဒေါက်တာကျော်ဝင်း၊ ဝက်ထီးကန်တိုက်နယ် ဆရာဝန်ဒေါက်တာတင်ဌေးဌေးအိ၊ ဝက်ထီးကန် တိုက်နယ်မှ အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များနှင့် သင်တန်းသား/သူများ အပါအဝင် စုစုပေါင်း (၇၀)ခန့် တက်ရောက်ကြောင်းနှင့် အဆိုပါသင်တန်းတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန လက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်း အသီးသီးမှ သင်တန်းတက်ရောက်သည့် အရာထမ်း/အမှုထမ်း သင်တန်းသား/သူ စုစုပေါင်း(၁၆)ဦးအား စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ စနစ်တကျ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ယခုနှစ် ဇွန် ၂၁ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ ၁၂ရက်ကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း အဆိုပါ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း တာဝန်ခံအရာရှိထံမှ သိရသည်။
ကိုဆက်