ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငရုတ်ကောင်း   ဇွန်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၁နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း  သိရသည်။

အဆိုပါ အခန်းအနားတွင် ငရုတ်ကောင်းမြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ကိုဗစ်-၁၉ကပ်ရောဂါအား ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့မစျေး၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ စျေးရောင်းစျေးဝယ်ပြုလုပ်နေသော ပြည်သူများ အနေဖြင့်လက်ဆေးခြင်း၊ Maskတပ်ဆင်ပြီးမှ ရောင်းဝယ်ခြင်းများ ပြုလုပ်ကြရန်စသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို  ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများတို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက်  ဆောင်ရွက်သွားမည့် အခြေအနေများနှင့်  လိုအပ်သည်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)