ပန်းတောင်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေပြည်သူများထံ ပေးအပ်

ပန်းတောင်း ဇွန်၂၂

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ​ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ကျီးပင်ကျေးရွာ၊​ ပေပင်ကျေးရွာနှင့် သပြေကုန်းကျေးရွာတို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေ ပြည်သူများထံသို့ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်သူရ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စောမြင့်၊ စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးခိုင်၊ မီးသတ်ဦးစီးမှူး ကိုကိုဝေဟိန်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ကျီးပင်ကျေးရွာ ပေပင်ကျေးရွာနှင့် သပြေကုန်းကျေးရွာနေ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျီးပင်ကျေးရွာ၊ ပေပင်ကျေးရွာနှင့် သပြေကုန်းကျေးရွာတို့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသည့် အမျိုးသား(၁၉)ဦးနှင့် အမျိုးသမီး(၂၄)ဦး၊ စုစုပေါင်းကျေးရွာနေ ပြည်သူ (၄၃)ဦးတို့အား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်း​တောင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို မေလ(၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းအေး