ဒိုက်ဦးမြို့နယ် အမှတ် (၆)မင်းတဲရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဒိုက်ဦး ဇွန် ၂၂

နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အမှတ်-၆ မင်းတဲရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်မှ အမှာစကားပြောကြားရာတွင် နိုင်ငံသားများ အခွင့်အရေးမဆုံးရှုံးစေရန်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မဲပေးခွင့်ရှိသူများရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲဥပဒေအရ အသက်(၁၈) နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) ရှိသူများသာ မဲပေးခွင့်ရှိကြောင်း၊ အသက်(၁၈) နှစ်ပြည့်သော်လည်း နိုင်ငံသား စိစစ်ရေး(မှတ်ပုံတင်)ကတ်ပြား မရှိသဖြင့် မဲပေးခွင့်ဆုံးရှုံးရသူများရှိသည်များကို စစ်ဆေးတွေ့ရှိချက် အရ သိရ​ကြောင်း၊ ထို့ကြောင့် နိုင်ငံသားများ အခွင့်အရေး မဆုံးရှုံးစေရန်အတွက် (ပန်းခင်းစီမံချက်)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးရန် စီမံဆောင်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပါကလည်း စနစ်တကျမပျောက် ပျက်ရန် ထိမ်းသိမ်းဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးမှ ပန်းခင်းစီမံချက် အကြောင်း ရှင်းလင်းပြောကြားခြင်း၊ အမှတ် (၆) မင်းတဲရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားပြီး နောက်ပြည်သူ ၁၁၂ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ ကျင်းပကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။