ပေါက်ခေါင်းမြို့နယ်၌ တာဝန်စတင်ထမ်းဆောင်ကြမည့် မူလတန်းပြဆရာဆရာမများနှင့် ဒေသခံတာဝန်ရှိသူများ တွေ့ဆုံ

ပေါက်ခေါင်း ဩဂုတ် ၁၀

ပေါက်ခေါင်းမြို့နယ်သို့ လာရောက်တာဝန်ထမ်းဆောင်ကြမည့် ရပ်ဝေးဒေသမှ အခြေခံပညာ ကျောင်း ဆရာ/ ဆရာမလေးများနှင့် ဒေသခံတာဝန်ရှိသူများ တွေ့ဆုံပွဲကို ယမန်နေ့က အ−ထ−က (ပေါက်ခေါင်း) အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပေါက်ခေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီဒွန်းက ရပ်ဝေးဒေသ အသီးသီး မှ လာရောက်ကြသည့် ဆရာ/ဆရာမလေးများနှင့် သက်ဆိုင်ရာ တာဝန်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များ၊ ကျောင်းအကျိုးတော်ဆောင်များကို တွေ့ဆုံမိတ်ဆက်ပေးကာ ဒေသခံများ အနေဖြင့် မိမိတို့၏သားငယ် သမီးငယ်များ လာရောက်ပညာသင်ကြား ပေးမည့် ဆရာ/ဆရာမလေးများကို နေရေးစားရေးမှအစ လိုအပ်ချက် များကို သေချာစွာ စောင့်ရှောက် စေလိုကြောင်း၊ ဆရာ/ဆရာမလေးများအနေဖြင့်လည်း ဒေသခံ  ကျောင်းသား/ ကျောင်းသူများအား ညီ/ညီမလေးများသဖွယ် သင်ကြားပြသပေးစေလိုကြောင်း၊ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် သေချာစွာညှိနှိုင်းတိုင်ပင် လုပ်ဆောင်ကြစေလိုကြောင်း၊ ကျေးရွာများ ပညာရေး ဖွံ့ဖြိုးတိုးတက်မှ မြို့နယ်၊ ခရိုင်၊ တိုင်းများ ပညာရေး ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကို ပါ အထောက်အကူပြုရာ ရောက်မည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း မြို့နယ်ပညာရေးမှုး ဒေါ်ထွေးထွေးမြင့်နှင့် လက်ထောက် ပညာရေးမှူးများ၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ နှင့် တာဝန်စတင် ထမ်းဆောင်မည့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)