ညောင်လေးပင်မြို့နယ်၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် မြို့မိမြို့ဖများ တွေ့ဆုံပွဲကျင်းပ

ညောင်လေးပင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂)နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးတင်အုန်းက အဖွင့်အမှာ စကား ပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သတ်၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်လာ ရောက်ခြင်းဖြစ်ကြောင်း၊ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားရေး အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်နေပြီဖြစ်ရာ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်မံတိုးပွားမှု မဖြစ်လာစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အထူးသတိရှိစွာ နေထိုင်သွားကြရန် ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများမှ လက်ရှိဆောင်ရွက်နေကြသည့် လုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအား အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။