မအူပင် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုနှင့် သံသယရှိသူများ ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကြိုတင်ပြင်ဆင် ထားရှိနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မအူပင်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအပေါ် လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများအား အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သံသယလူနာများ ထားရှိနိုင်ရန် ခရိုင်မိုးလုံလေလုံ အားကစား အဆောက်အဦတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားရှိပြီး လုံလောက်မှုမရှိပါက တိုးရွှေဝါခန်းမတွင် ထားရှိနိုင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်ရန်နှင့် မြို့အဝင်ဖြစ်သည့် ခေတ္တိယဂိတ်တွင် ကုန်တင်ယာဉ်၊ ခရီးသွားယာဉ်များအား စနစ်တကျ စစ်ဆေးမှုများ ဆောင်ရွက် ထားရှိရန် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် Volunteet များ လုပ်ငန်းရှင်များက ရန်ပုံငွေအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုများအပေါ် ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ မြို့နယ်အတွင်း ပြန့်ပွားမှုလျော့ကြစေရန်အတွက် ပြည်သူများအား အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ရန်လှုံ့ဆော်ပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)