တောင်တွင်းကြီး ဇွန် ၂၂
၂၀၂၁ ခုနှစ် ဇွန်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို တောင်တွင်းကြီးမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ “ဒီနေ့မှာတော့ လူဦးရေ (၁၀၀၀) ကျော် ပင်စင် လစာ လာထုတ်ကြပါတယ်။ ပထမပတ်အတွင်းမှာ တစ်နေ့ကို လူဦးရေ (၁၀၀၀) ကျော် လာထုတ်ကြပါတယ်၊ အဲဒီနောက်ပိုင်းတွင်တော့ လာထုတ်တဲ့လူဦးရေက တစ်နေ့ကို (၅၀)ဦးခန့်သာ ရှိပါတော့တယ်၊ တောင်တွင်းကြီးမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ (၅၇၄၄) ဦးတို့အတွက် ပင်စင်လစာငွေများ လစဉ် ထုတ်ပေး လျက်ရှိပြီး ရုံးဖွင့်ရက်များ၌ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးပန်ကြားထားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာများကိုလည်း လိုက်နာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားတယ်” လို့ မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရှိရသည်။
နိုင်ဝင်း