ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေး

ကျောင်းကုန်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် COVID-19 ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ကျောင်းကုန်းမြို့နယ် အတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်‌မည်ဖြစ်ကြောင်း၊ သံသယလူနာများထားရှိရန် ပထမ ဦးစားပေးအနေဖြင့် မျက်ရှင်တော်ပြည်လုံးချမ်းသာ ဘုရားကြီးဝန်းရှိ အ.မ.က ကျောင်းဟောင်းတွင်(၃၀)ဦးစာနှင့်ဒုတိယဦးစားပေးအနေဖြင့် မိုးလုံလေလုံ အားကစားခန်းမတွင်(၃၀)ဦးစာဆိုပြီး သတ်မှတ်ထားရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်က ကျောင်းကုန်းမြို့နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်နေသော ရေကြည်မြို့နယ်တွင် COVID-19 ရောဂါပိုး တွေ့ရှိနေသဖြင့် နယ်စပ်နေရာများတွင် ဂရုစိုက်စစ်ဆေးပေးဖို့လိုကြောင်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများအား စာရင်းနှင့်ပြုစု၍ ရရှိ/ထုတ်ပေး သုံးစွဲမှု များ ထားရှိထားကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားပေးခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)