အိမ်မဲ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာအုပ်စုတွင် ဇွန်လ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂၄)လုံး ပျက်စီးဆုံးရှုံးခဲ့ရာ မိသားစုဝင်များအားထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို မြောင်းမြခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြိုကျပျက်စီး နေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၆)ပုံး၊ ထောက်ပံ့ငွေ(၆၆၃,၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးသည့်နေအိမ်(၁၈)လုံးအတွက် ထောက်ပံ့ငွေ(၁,၄၅၉,၈၀၀)ကျပ်၊ ဒဏ်ရာရတစ်ဦးအတွက်(၅၀,၀၀၀)ကျပ်တို့ကို လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့လှူဒါန်းသော ပြိုကျပျက်စီးအိမ်(၆)လုံးအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း (၁၁)မျိုးပါ ပလပ်စတစ်ပုံး(၆)ပုံး၊ အိမ်ဆောက်ပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ၊ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီး နေအိမ်(၁၈)လုံးအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါ စက္ကူပုံး(၁၈)ပုံးနှင့် စောင်(၁၈)ထည်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)