ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငရုတ်ကောင်း   ဇွန်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၁နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  အခန်းအနားတွင် ငရုတ်ကောင်းမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ကိုဗစ်-၁၉ ကပ်ရောဂါအား ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့မစျေး၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ စျေးရောင်းစျေးဝယ်ပြုလုပ်နေသော ပြည်သူများ အနေဖြင့် လက်ဆေးခြင်း၊ Maskတပ်ဆင်ပြီးမှ ရောင်းဝယ်ခြင်းများ ပြုလုပ်ကြရန်စသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လိုအပ်သည်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)