ကျိုက်လတ် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ယခင်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြိုးစားဆောင်ရွက်မှုများကို အသိအမှတ်ပြု ပါကြောင်း၊ ယခု အချိန်အခါတွင်လည်း မြို့နယ်အတွင်း ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ (၉)ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမကိုလည်း Facility Quarantine အတွက် ပြန်လည်ပြင်ဆင် ထားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များက ရန်ပုံငွေအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)