ပြည် ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၊ ပြည်စာဖြေဌာန၌ ၁၃၈၃ခုနှစ်(၂၀၂၁)ခုနှစ်၊ (၂၈)ကြိမ်မြောက် နိကာယ် စာမေးပွဲ(ဝိဒူတန်း)ကို ယနေ့မွန်းတည့် ၁နာရီက ကျင်းပ ပြုလုပ်သည်။
အဆိုပါ (၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ပြည်စာစစ်ဌာန၌ အုပ်စု(၁)၊ အုပ်စု(၂)၊ အုပ်စု(၃)၊ အုပ်စု(၅)၊ အုပ်စု(၈) စသည့် အုပ်စု(၅)စုမှ ဆရာတော် သံဃာတော်၊ ရဟန်းသာမဏေ၊ သီလရှင်ဆရာကြီး/ဆရာလေး (၂၇)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး၊ နယုန်လဆန်း ၁၄ရက်နေ့တွင် အုပ်စု(၁)မှ ပါရာဇိတပါဠိ၊ အုပ်စု(၂)မှ သီလက္ခန္ဓဝဂ္ဂပါဠိ၊ အုပ်စု(၃)မှ သီလပဏ္ဏာသပါဠိ၊ အုပ်စု(၅)မှ ဧကကမှ စတုက္ကနိပါတထိ၊ အုပ်စု(၈)မှ ဓမ္မသင်္ဂဏိပါတထိ စသည့် ဘာသာရပ်များကို ဖြေဆိုတော်မူကြသည်။
ယင်းစာမေးပွဲကို နယုန်လဆန်း ၁၂ရက်နေ့မှ နယုန်လပြည့်ကျော် ၁ရက်နေ့အထိ (၅)ရက်ကြာ ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း ခရိုင်သာသနာရေး ဦးစီးဌာနရုံးမှ သိရသည်။
မင်းမင်းစိုး