ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

ဖျာပုံ   ဇွန်     ၂၁

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ကိုဗစ်ကော်မတီဝင်များ ၊ ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖ များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ထားမောင်က တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များအပေါ် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက် ရန် ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးက ပြည်သူများ မလိုအပ်ပဲ နေအိမ်ပြင်ပသို့ မထွက်ရန် ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း Mask တပ်ဆင်ရန် ၊ မကြာခဏ လက်ဆေးရန် စသည့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ဖို့လိုကြောင်း ၊ ဒေးဒရဲ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ RDT Test Kit ဖြင့် ရောဂါပိုး စစ်ဆေးလျက်ရှိသဖြင့် Positive လူနာများတွေ့ရှိပါက Facility Quarantine ထားရှိနိုင်ရေးဆောင်ရွက်ထားမှုများ ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်၍ Facility Quarantine ထားရှိရန် နေရာအခက်အခဲရှိ၍  Quarantine Centre ထားရှိရမည့် နေရာများ ကြိုတင်စီမံထားဖို့လိုကြောင်း အသေးစိတ်ညှိနှိုင်း      ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသောကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသီးသီးပြန်လည်ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အောင်ဝင်းနိုင်