ငပုတော ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ပထမဆုံးအကြိမ်အဖြစ်ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀ဦးရှိလာချိန်တွင် ပြည်သူ များအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာအသုံးပြုစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်စေရေး အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းက ငပုတော မြို့မဈေးနှင့် ဈေးတံတား၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း တပ်ဆင်သွားလာရေး လှုပ်ရှားမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီး ရေးရာအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပြည်သူများထံသို့ နှာခေါင်းစည်း ၅၀၀နှင့်ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင် ၁၀၀ အား ဖြန့်ဝေပေးခဲ့သည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့် ကြေငြာချက်နှင့် လမ်းညွှန်မှာကြားချက်များအား တိကျစွာ လိုက်နာရန်နှင့် ပြင်ပသို့သွားလာရာ၌ နှာခေါင်းစည်း မတပ်ဆင်ထားခြင်း၊ တပ်ဆင်ထားသော်လည်း မေးစေ့တွင် ချိတ်ဆွဲခြင်းများ တွေ့ရှိပါက နှာခေါင်းစည်း၃ခုပေး၍ ဒဏ်ကြေးငွေအဖြစ် ၃၀၀၀ကျပ်ပြန်လည်ပေးဆောင် ရမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
လှမင်းထွဋ်(ပြန်/ဆက်)