လပွတ္တာ ဇွန် ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်းလက်ရှိ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးက ရောဂါကာကွယ်ရေး နည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ ရောဂါ ကာကွယ်ရေးအတွက် အဓိကလိုက်နာရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မြို့နယ်အတွင်း လိုက်နာဆောင်ရွက်ရန်၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး ကြပ်ကြပ်မတ်မတ် စစ်ဆေးရန်၊ ကိုဗစ်ပိုးတွေ့ရှိပါက Quarantine ထားရှိရေး ဆောင်ရွက်ရန်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ PPE လုံလောက်မှု ရှိ/မရှိ စစ်ဆေးရန်၊ ကာကွယ်ရေး ပစ္စည်းစာရင်း ပြန်လည်စစ်ဆေး၍ တင်ပြရန်၊ စာသင်ကျောင်းများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို တာဝန်ပြန်လည်ခွဲပေးရန်၊ ကုန်းလမ်း မော်တော်ယာဉ်များအပြင် ရေလမ်း သင်္ဘောများကိုလည်း စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်၊ ဘော်ဒါဆောင်များကိုလည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပါက စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ရန်၊ လပွတ္တာမြို့နယ် အနေဖြင့် ရောဂါကူးစက်မှု ကင်းရှင်းနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ဆွေးနွေးသည်။
အဆိုပါ စည်းအဝေးသို့ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက အသီးသီး ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)