ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေ စစ်ဆေးကုသနိုင်ရေးအတွက် HLDO အဖွဲ့အစည်းမှ RDT Test Kit နှင့် ဆေးဝါးများ ဒုတိယအကြိမ်ထောက်ပံ့လှူဒါန်း

ရိခေါ်ဒါရ်        ဇွန်    ၂၁

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အခြေချရုံးဖွင့်လှစ်ထားရှိသည့် ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization- HLDO)မှ ရိခေါ်ဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေစစ်ဆေးကုသနိုင်ရေးအတွက် RDT Test Kit များနှင့် ဆေးဝါးများကို ယမန်နေ့က ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ လှူဒါန်းပေးရာတွင် Standard Q SD Biosensor Test Kit (၂၀၀၀)၊ PPE ဝတ်စုံ (၁၀၀)ထည်၊ ဆေးဝါးနှင့် ဗီတာမင်အားဆေးများထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းသုံး ပစ္စည်းများနှင့် ဆေးဝါးများကို အသုံးပြုကာ ရိခေါ်ဒါရ်မြို့၊ မြို့ပေါ်ရပ်ကွက် (၂)ခုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေကို ယနေ့မှစ၍ အခမဲ့ဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအား ဆေးဝါးများနှင့် ဗီတာမင်အားဆေးများ ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇွန်လ လဆန်းပိုင်း၌ HLDO အဖွဲ့အစည်းမှ Test Kit (၁၀၀၀)နှင့် ဆေးဝါး၊ ဗီတာမင်အားဆေးများကို ပထမအကြိမ် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဟွာလ်ငိုဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Organization-HLDO)သည် ရိခေါ်ဒါရ်မြို့အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ (ဟွာလ်ငိုဒေသအတွက်) ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အခြားလူနေမှုဘဝ အဆင့်အတန်းမြင့်မား လာစေရေးအတွက် ဘက်ပေါင်းစုံမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသော လူမှုအဖွဲ့အစည်း (NGO) တစ်ခုဖြစ်ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)