ဝါးခယ်မ ဇွန် ၂၁
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့ နံနက် ၉ နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ရုံး၌ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကိုရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ၊ မိမိမွေးဖွားရာဇာတိတွင် အမှန်တကယ်နေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းရှိ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်/လဲလှယ်ပေးခြင်း လုပ်ငန်းများအား ပန်းခင်းစီမံချက်ဖြင့် အမြန်ဆုံး ဆောင်ရွက် ပေးလျက်ရှိသည်။
ဝါးခယ်မမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့တွင်စတင်၍ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ဇွန်လ ၂၁ ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း (၃၁၂)စောင်၊ (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၀)ဦး ၊ (၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၅၉)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် /လဲလှယ် (၁၂၀)ဦးနှင့် ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးသူ(၃၃၇)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆောင်ရွက်ရန် ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထံမှ သိရသည်။
စောသန္တာဦး(ပြန်/ဆက်)