ဘားအံ ဇွန် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံဖြိုး တိုးတက် ရေးဦးစီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ရုံးမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူ ပြုအခြေခံမော်တာနှင့် အဆင့်မြင့် မော်တာအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ပြည်နယ်ကျေးလက်ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက ယခုသင်တန်းကို တက်ရောက်ကြသည့်သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက်ချိန်တွင် စိတ်ဝင်တစားဖြင့် တတ်မြောက်အောင် လေ့လာသင်ယူ ကြစေလိုကြောင်း၊ သင်ကြားပေးသည့် ဆရာ၊ဆရာမများမှလည်း ဆရာစားမချန် တပည့်များအားလုံး တတ်သိကျွမ်းကျင် အောင် လေ့ကျင့်သင်ကြားပေစေလိုကြောင်း၊ အပ်ချုပ်စက်အတတ်ပညာကို ကျွမ်းကျင်တတ်မြောက်ခြင်းအားဖြင့် မိမိ၏ ဘဝအခိုင်အမာ ရပ်တည် နိုင်စေရန် အခြေခံပညာတစ်ရပ်ကို ပိုင်ဆိုင်ထားပြီဟု ခံယူချက်ထားဖို့ လိုအပ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပေးမည့် ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ခြင်းအားဖြင့် မိမိ၏ ကိုယ်ပိုင်အသက်မွေး ဝမ်းကြောင်းလုပ်ငန်းကို ကိုယ်တိုင်ဦးဆောင်ပြီး ကိုယ်တိုင်စီမံခန့်ခွဲပြီး ကိုယ်တိုင်လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ မိမိတို့သင်ကြားတဲ့ အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်က သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။
ယနေ့ ဖွင့်လှစ်သည့်သင်တန်းကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုစုပေါင်း သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလအားဖြင့် ဇွန်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့ထိ အခြေခံမော်တာ အပ်ချုပ်စက်သင်တန်း(၁)လနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်း(၁) စုစုပေါင်း(၂)လကြာမြင့်မည်ဖြစ်ကာ အခြေခံမော်တာသင်တန်းတွင် ဘာသာရပ်(၆)မျိုး၊ အဆင့်မြင့်မော်တာသင်တန်းတွင် ဘာသာရပ်(၇)မျိုးတို့ကို လက်ရှိ အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အတွေ့အကြုံရှိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)