ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၃၀)ကျောင်းအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရေးပေါ်အခြေအနေအရ ယာယီပိတ်ထား

ဖြူး ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းပေါင်း(၂၃၀)ကျောင်းအား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဇွန်လ ၂၁ ရက် နေ့မှစ၍ အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြူးမြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ အ‌ခြေခံပညာအထက်တန်းကျောင်း (ညောင်ပင်သာ) ရှိ ကျောင်းသား ၊ ကျောင်းသူ (၂၂)ဦး အပါအဝင် ကျား(၃၉)ဦး၊ မ(၅၂)ဦး စုစုပေါင်း(၉၁)ဦး နှင့် ကျား(၁)ဦး သေဆုံးသည် အထိရှိလာသောကြောင့် တားဆီးကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်လျှက်ရှိကြောင်း ၊ မြို့နယ်အတွင်း အခြေခံပညာ ကျောင်း၌ တက်ရောက်သင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက် ဖွင့်လှစ်သင်ကြားခဲ့သည့် အခြေခံပညာကျောင်းပေါင်း ၂၃၀ ကို ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ ရက်သတ္တပတ် နှစ်ပတ်ကြာ ခေတ္တယာယီပိတ်ထားမည် ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။