လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကျင်းပ

လွိုင်ကော် ဇွန် ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ ခုနှစ် (၂၈) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်နိုင်ငံလုံး၌ ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အစိုးရနိကာယ်စာမေးပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ စိတ်အနှောင့်အယှက်မရှိ စိတ်အေးချမ်းသာစွာဖြင့် မသမာမှုကင်းရှင်း စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုကိုခံယူ၍ သက်ဆိုင်ရာဆပ်ကော်မတီများ၊ ခရိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုများဖြင့် အဆင်ပြေချောမွေ့စွာ စနစ်တကျဆောင်ရွက် ပေးခဲ့ပြီး  ပြည်နယ်အတွင်းရှိ စာသင်တိုက်များမှ အစိုးရနိကာယ်စာမေးပွဲကို စာဖြေသံဃာ (၉) ပါး၊ သီလရှင်(၂)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦးတို့က ဝင်ရောက် ဖြေဆိုခဲ့ကြသည်။

စာမေးပွဲ ကျင်းပစဉ်ကာလအတွင်း အစိုးရနိကာယ်စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာ တော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့ အတွက် ဆွမ်း၊ ကွမ်း ဝေယျဝစ္စများကို ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွိုင်ကော်မြို့‌ပေါ်ရှိ စေတနာရှင်ပြည်သူများက ကုသိုလ်ပြု လှူဒါန်းခဲ့ကြကြောင်း သိရသည်။