ရွှေကျင် ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင် ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် တောင်ဘက် ကျေးရွာတောင်ဘက် သုဿန်ဘုန်းကြီးကျောင်းဘေးတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်၂၁ ရက် နံနက် ၉ နာရီမိနစ် ၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရွှေကျင်မြို့နယ် စစ်ဗျူဟာအဖွဲ့ အခြေချ (ရွှေကျင်)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဖုန်းအောင်နှင့် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစောအယ်ကလူစိုးမိုးတို့မှ တောင်ဘက်သုဿန်ဘုန်းကြီးကျောင်း ဆရာတော်သာဿနဓဇ ဓမ္မစရိယဥူးတေဇိန္နထံ ပျိုးပင်များ ပေးအပ်ပြီး တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။
ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျော့ကျနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ပြီး သဘာဝအန္တရာယ်များမှ ကာကွယ် နိုင်စေရန်အတွက် ကျွန်း၊ မန်ဂျန်ဂျား၊ ယမနေ စသည့် ပျိုးပင်စုစုပေါင်း (၁၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမင်းသူ၊ ရွှေကျင်မြို့နယ် စစ်ဗျူဟာအဖွဲ့ အခြေချ (ရွှေကျင်)၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်ဖုန်းအောင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာပြည်သူများက သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။ ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးကြမည့် အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင် သုံးသောင်းပင်ကို ပျိုးထောင်ထားရှိပြီး (အခမဲ့)ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်