ထားဝယ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရေးဆွဲပြုစုနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ထားဝယ် ဇွန် ၂၁

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရေးဆွဲပြုစုနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင် က  ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရေးဆွဲပြုစုနိုင်ရေးလုပ်ငန်း ပြီးစီးနိုင်ရေးအတွက်ဦးတည်ပြီး မိမိမူပိုင် သဘောထားများကို စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ တာဝန်ခံအရာရှိများအနေဖြင့် ငွေလုံးငွေရင်းကိစ္စရပ်များ ရေးဆွဲပေးစေလိုကြောင်း  ပြောကြားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။

 

ထိုနောက် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင်မြင့်က ယနေ့အစည်းအဝေးသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ မတ်လကုန်အထိ ဒေသန္တရ စီမံကိန်းပြုစုရေးဆွဲရေးအတွက်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဒေသန္တရစီမံကိန်း အောက်တိုဘာလ မှ စက်တင်ဘာလကုန်အထိ အဆိုပြုရည်မှန်းချက်များ  ကိုပြုစု၍စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက် နေ့မှ မတ်လ(၃၁)ရက်နေ့ထိ ပြင်ဆင်သတ်မှတ်မည်ဖြစ်၍ (၆)လအတွက် ပြုစုရေးဆွဲရခြင်းဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရေးဆွဲပြုစုနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများ က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရေးဆွဲပြုစုနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။