ဖြူး ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့တွင်း လူစည်ကားရာနေရာများ၊ လမ်းဆုံနေရာများတွင် ယနေ့ နံနက်ပိုင်းက အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်စောင့်ကြည့်ရေး ကော်မတီထံမှ သိရသည်။
ဖြုးမြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ ရှိနေပြီး သေဆုံးသည်အထိ ရှိလာသောကြောင့် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များကို အုပ်စု(၅)စုခွဲ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး မြို့နယ်အဆင့် လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့မဈေးအတွင်းရှိ ဈေးရောင်းချနေသူများ ဈေးဝယ် လာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ တပ်ဆင်အသုံးပြုစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် အသိပညာ ပေးပြီး ပါးစပ်နှင့် နှာခေါင်းစည်း အခုရေ(၂၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။