မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းဘူး ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်မှ ပြည်သူများ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ရန်၊ ပညာပေး ကာလကျော်လွန် ပါက ဒဏ်ကြေးစနစ်ဖြင့် ဆောင်ရွက်ရန်၊ Stay at Home သတ်မှတ် ထားသော မြို့နယ်များမှ ပြန်လာသူများကို သတင်းပေးပို့ပြီး Test Kits ဖြင့်စစ်ဆေးရန်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ကြေညာဆောင်ရွက်ရန်၊ လူစည်ကားရာ နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရန်နှင့် အသိပညာပေး ဗီနိုင်း/ ပိုစတာများကို ချိတ်ဆွဲ/တပ်ဆင်/ပြသထားရှိရန် စသည်တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်မှ လက်ရှိမင်းဘူးခရိုင်အတွင်း၌ Covid-19 Positive လူနာမရှိ သေးပါ ကြောင်း၊ Quarantine Centre များကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြိုတင် ပြင်ဆင်ထားရှိရန်နှင့် Positive လူနာများတွေ့ရှိလာပါက သီးသန့်ဆောင်တွင် ထားရှိ ကုသဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ မဖြစ် ပေါ်စေရေး လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေတင်ပြကြရာ တင်ပြလာမှုအပေါ် ကော်မတီ ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)