စုကလိ ဇွန် ၂၁
ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်နှင့် စာပေသုတ၊ ရသအကြောင်းအရာများကို အသင်းအဖွဲ့နှင့် ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ) ရေးသားသော ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စုကလိမြို့ဦးစီးမှူး ဦးဇော်နိုင်လင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဦးချစ်ထူး က အားပေးခြင်းနဲ့ဖိအားပေးခြင်း၊ ကိုယ်တိုင်လုပ်ကိုင်ရင်းရတဲ့အသိပေးပါ စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဇော်နိုင်လင်း က ကလေးတွေလိုက်နာအောင် ဘယ်လိုပြောမလဲ၊ ပျော်ရွှင်ချမ်းမြေ့တဲ့ ကလေးဘဝ၊ အမူအကျင့်ကောင်းတွေကိုအသိအမှတ်ပြုပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဒေါ်ပိုပိုအောင်က ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ၊ မိဘများရဲ့ မျှော်မှန်းချက်၊ ပျော်ရွှင်ချမ်းမြေ့တဲ့ မိဘဘဝရအောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဦးကိုကိုအောင် က ပြောင်းလဲနေတဲ့မိသားစုတွေကို ပိုကောင်းအောင် ဘယ်လိုပြောင်းလဲမလဲ၊ လူကြီးတွေအပြုအမူအပေါ် ကလေးလူငယ်တို့ရဲ့အမြင် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးကြသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ) ရေးသားသော ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း (ပြန်/ဆက်)