ဖာပွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဖာပွန်  ဇွန်  ၂၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် စာရေးဆရာ မြနှင်းရည်ရှိန် ဘာသာပြန်ရေးသားသည့်  "အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန် က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေး က ဝန်ထမ်းများအနေဖြင့်လည်း စာပေဖတ်ရှု့သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် စာပချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍လည်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သူဦးရေ တိုးပွားလာခြင်း၊  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်  ဆွေးနွေးပွဲကိုစတင်ဆွေးနွေးရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းခင်ခင်ထွန်း က ''အမှန်တရားနှင့်စောင့်ဆိုင်းမှု၊ ယုံကြည်မှုများနှင့် စကားပြောဆိုပါ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ဝါသနာရှင် စိုင်းသိန်းကြွယ် က ''ရှုံးနိမ့်မှု အသေးစားလေးကို ထပ်ဖန်တလဲလဲလေ့ကျင့်ပြီး အောင်မြင်မှုကြီးအဖြစ် ဖန်တီးပါ'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းတက်ရောက်လာသူများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)