ပခုက္ကူမြို့နယ်သမဝါယမဦးစီးဌာန၏ နှစ်ပတ်လည်ညှိနှိုင်း အစည်းအဝေးကျင်းပ

ပခုက္ကူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်သမဝါယမဦးစီးဌာန၏ နှစ်ပတ်လည်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ ကျင်းပသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစံကျော်ဝင်းတို့က China EXIM Bank ချေးငွေများကို သတ်မှတ်ကာလအတွင်း အပြေအကျေ ပေးသွင်းနိုင်ရေး၊ Daedong လယ်ယာသုံးစက်ကိရိယာများ အရစ်ကျရောင်းချပေးထားမှုနှင့် ပေးသွင်းရမည့်တန်ဖိုးများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပေးသွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်လွင်နှင့် အသင်းစုချုပ်ဥက္ကဋ္ဌ ဒေါ်ဖြူဖြူစံတို့က ပခုက္ကူမြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ခြောက်လနှစ်ချုပ်နှင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ (၁၂) လနှစ်ချုပ်၊ စုစုပေါင်း (၁၈) လအတွက် ဘဏ္ဍာရေးနှစ် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာနှင့် အသင်းစာရင်းစစ် အစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ်စာရင်းနှင့် အမြတ်ခွဲဝေမှုများအကြောင်းတို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သမဝါယမအသင်းသား/သူများက ချေးငွေများပြန်လည် ကောက်ခံ သွားမည့် အခြေအနေများ၊ လက်ရှိပုံမှန်လည်ပတ် ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် အသင်းစုချုပ်ဥက္ကဋ္ဌတို့က ဆောင်ရွက်မည့် လုပ်ငန်း များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး China EXIM Bank ချေးငွေများ အပြေအကျေ ပေးသွင်းပြီးသူများနှင့် Daedong လယ်ယာသုံးစက်ကိရိယာများ အရစ်ကျရောင်းချပေး သည့်တန်ဖိုးများ အလိုက် အချိန်မီပေးသွင်းပြီးသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း စိုက်/ထွေ၊ စိုက်/ထုတ်၊ လယ်/ထွေ၊ လယ်/လုပ်၊ မွေး/ထွေ၊ ငွေစု/ချေး၊ အသေးစား၊ ယက္ကန်း၊ သယ်ပို့၊ မျိုးစေ့၊ ရောင်းဝယ်ရေး စသည့်သမဝါယမအသင်းပေါင်း (၃၈၀) သင်းရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး