ကြာအင်းဆိပ်ကြီး ဇွန် ၂၁
ကရင်ပြည်နယ် ဘားအံမြို့၌ ဇွန်လ (၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသမီးဘောလုံးလက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ဇမိခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန် က သွားရောက်ယှဉ်ပြိုင်ကစားကြမည့် ကစားသမားများအနေဖြင့် စည်းကမ်းကောင်းမွန်ပြီး အားကစားသမားစိတ်ဓာတ်အပြည့်ထားကာ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ကစားသမားအချင်းချင်း စည်းလုံးညီညွတ်စွာ ဆုတံဆိပ်ရရှိသည်အထိ ယှဉ်ပြိုင်ကစားသွားကြရန် အမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှသောင်း က ထပ်ဆင့်အမှာစကား ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများမှ ဘောလုံးနည်းပြနှင့်အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၉၀၀၀၀၀/-) ကိုးသိန်းကို လွဲပြောင်းပေးအပ်သည်။ အဆိုပါအသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းကို အုပ်ချုပ်သူနည်းပြ (၅)ဦး အားကစားသမား (၂၀)ဦးဖြင့် ဖွဲ့စည်းပြီး သွားရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး