ဒေသထွက်မျှစ်များကို ရာသီပေါ်စားသုံးနိုင်ရုံသာမက နွေရာသီနှင့် ဆောင်းရာသီတွင် စားသုံးနိုင်ရန် မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်များ ပြုလုပ်

                                                                      လိပ်သို  ဇွန်  ၂၁                           

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသအတွင်းရှိ ကျေးရွာများတွင် ယခုအခါ သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိသော ဝါးရုံများမှ  မျှစ်များကိုစားသုံးရန်နှင့် မိသားစု  ၀င်ငွေ ရရှိရန်အတွက် ချိုးယူရောင်းချလျက်ရှိကြောင်း သိရသည်။

ဝါးအမျိုးစုံအနက်မှ ဝါးဘိုးမျှစ်၊ ဝါးသပွတ်၊ ကြက်သောင်းဝါးမျှစ်များကို ချိုးယူရောင်းချလျက်ရှိကြပြီး ဝါးသပွတ်မျှစ်ကို စားသုံးရန်အတွက်သာ ချိုးယူကြသည်။ ယမန်နှစ်က မျှစ်ချိုးရာသီအစတွင် တစ်ပိဿာကို ငွေကျပ် ၅၀၀/- ရရှိခဲ့သော်လည်း ယခုနှစ် မျှစ်ချိုးရာသီအစတွင်  မျှစ်အ၀ယ်ဒိုင်ကြီးများ ဖွင့်လှစ်၀ယ်ယူမှုမရှိခြင်း နှင့်  တစ်နိုင်တစ်ပိုင်၀ယ်ယူမှုများသာ ရှိသောကြောင့် တစ်ပိဿာကို ၂၅၀/-ကျပ်သာ ရောင်းချနေရကြောင်း သိရသည်။

ကျေးရွာဒေသခံများမှာ မျှစ်များကို တောင်ငူမြို့သို့ အဓိက ပို့ဆောင်ရောင်းချလျက်ရှိသည့်အပြင် နွေရာသီနှင့် ဆောင်းရာသီတွင် စားသုံးနိုင်ရန်အတွက် မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်များ ပြုလုပ်သိုလှောင် ထားကြလေ့ရှိကြောင်း သိရသည်

နွယ်နွယ်ခိုင် (ပြန်/ဆက်)