ပဲခူး ဇွန် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ အမှတ်စဉ် (၅/၂၀၂၁) ပဲခူးအရှေ့ခြမ်း ငါးမွေးမြူရေးဆိုင်ရာ အခြေခံဆေးထိုး၊ သားဖောက်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမတွင် ယနေနံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဝင်းမြင့်မှ ငါးမွေးမြူရေးဆိုင်ရာ အခြေခံဆေးထိုး၊ သားဖောက်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် ဒေသအတွင်းရှိ ငါးမွေးမြူသူများအား ငါးဆေးထိုးသားဖောက် နည်းပညာကို သိရှိနားလည်စေပြီး မျိုးကောင်းမျိုးသန့် ငါးမျိုးများအား ပိုမိုထုတ်လုပ်ကာ ဒေသအတွင်း ငါးစားသုံးမှု တိုးတက်ပြီး ပိုလျှံလာပါက အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ တင်ပို့နိုင်ရန်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အခြေခံဆေးထိုး၊ သားဖောက်ခြင်း မျိုးငါးများအား ရွေးချယ်ခြင်း၊ ငါးမှုံ၊ ငါးသန် ပြုစုခြင်း၊ အရည်အသွေးတိုင်းတာခြင်း၊ ငါးကန်များ အား ပြင်ဆင်ခြင်း၊ ငါးများအား အစာကျွေးခြင်း၊ ငါးမှုံငါးသန်များအား ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ကန်အရည်အသွေးကောင်းမွန်သော ရေနေသတ္တဝါမွေးမြူရေး (GAqP) အကြောင်းများအား (၂၁.၆.၂၀၂၁) ရက်နေ့မှ (၂၃.၆.၂၀၂၁) ရက်နေ့အထိ (၃) ရက်တာ ကာလအတွင်း ပဲခူးအရှေ့ခြမ်းရှိ သင်တန်းသား/သင်တန်းသူ (၂၃)ဦးတို့အား သင်ကြားပို့ချမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ကြောင်း သိရှိရသည်။
မျိုးငြိမ်း