မင်းလှ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်ထံအရောက် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က အ.ထ.က မင်းလှ( မြို့ပြင်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
သတင်းစကား လက်ကမ်းစာစောင်များ စုစုပေါင်း(၂၄၀)စောင်အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဒေါ်စန္ဒာအောင်နှင့် ဝန်ထမ်းများက ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထူထံသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်း၊ မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းတို့ပါဝင်ကြောင်းသိရသည်။
ပေါက်စ