လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်း ဆင်းပွဲပြုလုပ်

လေးမျက်နှာ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉:၀၀)နာရီ၌ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးတင်ဦးမှ သင်တန်းသို့တက်ရောက် သင်ကြားကြသော သင်တန်းဆရာနှင့်အတူ သင်တန်းသားများအား ကျေးဇူးတင်ရှိကြောင်းအဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ ယခုသင်တန်းသည် ဒုတိယအကြိမ်မြောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်ပြီး ဆက်လက်၍ကျေးရွာများအရောက် သင်တန်းများသွားရောက် ဖွင့်လှစ်နိုင်ရန်ကြိုးစား သွားမည်ဖြစ်ကြောင်း နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ရခြင်းနှ င့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်သင်းတန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို (၂.၆.၂၀၂၁)ရက်နေ့မှ(၂၁.၆.၂၀၂၁)ရက်နေ့အထိ (၂၀)ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား (၃၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)