လေးမျက်နှာမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းပြုလုပ်

လေးမျက်နှာ ဇွန် ၂၁

ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းတွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်က မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်အတိုင်း အဓိက အခွင့်အရေး (၄)ရပ်နဲ့ တာဝန်(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကော်မရှင်အဖွဲ့ဝင်အနေဖြင့် အာဆီယံ ဒေသအတွင်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဒေသဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းတို့ နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ လေးမျက်နှာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းဝင်းက ဦးစီးဌာန လုပ်ငန်းကြီး(၇)ရပ်မှ (၁)ခုအပါအဝင်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရည်ရွယ်ချက်များ၊ CRC သမိုင်းကြောင်း၊ နိုင်ငံတော်မှအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော အခွင့်အရေး(၄)ရပ်များ အကြောင်းကို အကျယ်တဝံ့ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကော်မတီဝင်များက ဆွေးနွေးလိုသည်များကို ဆက်လက် ဆွေးနွေးခဲ့​ပြီး သင်တန်းသို့ ဌာနဆိုင်ရာများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)