အိမ်မဲမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေ

အိမ်မဲ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ပေးနေကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ယာယီမြို့နယ်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မြိုင်နှင့် ဝန်ထမ်းများက အိမ်မဲကြီး ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်မည့်သူများ၊ အိမ်ထောင်စု ဇယားပြုလုပ်မည့် သူများကို အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်(လဝက)ရုံးမှာ အခမဲ့ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။ ဒီနေ့က အိမ်မဲကြီး ရပ်ကွက်ကို ဆောင်ရွက်ပေးတာပါ။ မနက်ဖြန် လယ်ပေါ်ရပ်ကွက်နဲ့ အခြားကျန်ရှိနေတဲ့ ကျေးရွာတွေ ရပ်ကွက်တွေကို ဆက်လက်ဆောင်ရွက် ပေးမှာဖြစ်တယ်လို" အိမ်မဲမြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ယာယီမြို့နယ်မှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မြိုင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)