ပွင့်ဖြူ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင် သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့အဝင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က အပြင်သွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ နေထိုင် သွားလာကြရန် ၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေအကွာနေထိုင်သွားကြရန် ၊ ကိုဗစ် - ၁၉ ရောဂါပိုး သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရန် စသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ် နှာခေါင်း စည်းမပါသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို အသိပညာပေးစာစောင်များ ဝေငှပြီး နှာခေါင်းစည်း (Mask)များ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအနေဖြင့် မြို့နယ် အတွင်း ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )