ထီးလင်း ဇွန် ၂၁
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၈ နာရီမှစ၍ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့စတင်ထုတ်ပေးရာတွင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပင်စင်(အငြိမ်းစား)ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ယူရာ၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး အတွက် ရုံးအဝင်ပေါက်ဝ၌ လက်သန့်ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်ပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို စနစ်တကျဝေငှတပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိသည်။
ထီးလင်းမြို့နယ်တွင် ပင်စင်(အငြိမ်းစား) ဝန်ထမ်းဦးရေ(၉၁၀)ဦး ရှိပြီး(COVID-19)ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့်လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် (၅)ဦးစီသာ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
အောင်စည်