မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မန်းရွှေစက်တော်ရာဘုရား ဓမ္မာရုံရေစက်ချပွဲ တက်ရောက်ပြီး မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး ဇွန် ၂၀

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၄)ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး (စကု)မြို့နယ် မန်းရွှေစက်တော်ရာဘုရားသို့ ရောက်ရှိပြီး ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသို့ ရောက်ရှိခဲ့ပြီး ဆည်ရေဝင်ရောက်မှု၊ စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တောင်သူများ စိုက်ပျိုးရေ အချိန်မီရရှိရန်နှင့် စိုပ်ပျိုးရေအား အကျိုးပြုဧကအားလုံး ရေပေးဝေနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူတို့အား မှာကြားခဲ့သည်။ ဆက်လက်၍ မဲဇလီရေလွှဲဆည်သို့ ရောက်ရှိခဲ့ပြီး ရေလွှဲဆည်မှတစ်ဆင့် တောင်မုန်း၊ မြောက်မုန်းမြောင်းမကြီးများသို့ ရေပေးဝေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ၊ တာဝန်ရှိသူများ၏ လိုက်လံရှင်းပြသခဲ့မှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ထွက်ခွာလာရာ စကုမြို့သို့ရောက်ရှိပြီး စကုဈေး ပြန်လည်ဆောက်လုပ်နေမှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း စည်ပင်သာယာရေးအဖွဲ့မှ စကုမြို့တွင်းလမ်းများ ကွန်ကရစ်ခင်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။ ထို့နောက် စကုဆေးရုံသို့ သွားရောက်ခဲ့ပြီး၊ ဆေးရုံမှ တာဝန်ရှိသူများ၊ ဆေးရုံကြီးကြပ်မှု ကော်မတီများနှင့် တွေ့ဆုံ၍ ၎င်းတို့လိုအပ်ချက် တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသူများအား ကြည့်ရှု အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲသည် စကုမြို့ ပညာ ဘဏ်စာကြည့်တိုက်သို့ရောက်ရှိပြီး ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် ဘာသာရေးနှင့် သက်ဆိုင်သည့် စာအုပ်များနှင့် သုတ/ရဿ စာအုပ်(၁၇၉) အုပ်အား စာကြည့်တိုက် တာဝန်ရှိသူများထံ လှူဒါန်းပေးအပ်ခဲ့သည်။ ယင်းနောက် စကုမြို့ နေ့ကလေးထိန်းကျောင်းတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်မှာကြားပြီး၊ ကျောင်းဝန်းအတွင်းရှိ အန္တရာယ်ရှိနိုင်သည့် အုန်းပင်များ ခုတ်လှဲနိုင်ရေးအတွက် ငွေကြေးများ ထောက်ပံ့ပေးအပ်ကာ ညနေ ၆ နာရီခွဲ အချိန်တွင် မကွေးမြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

မောင်ညီညာ (မကွေး)