အိမ်မဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၄)လုံးပျက်စီး

အိမ်မဲ  ဇွန်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ အုပ်စု ရှိကျေးရွာများတွင် ယနေ့ နံနက် ၁ နာရီ ၅၀မိနစ်ခန့်ကမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့်နေအိမ် (၂၄)လုံးပျက်စီးဆုံရှုံးခဲ့ကြောင်းသိရသည်။

ညောင်ကုန်းချောင်းဖျားကျေးရွာအုပ်စု အကယ်ရိုးကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ သဲကုန်းကျေးရွာ၊ ချောင်းဖျားကျေးရွာတို့မှ ပျက်စီးဆုံးရှုံးသောနေရာများသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများ ကျေးရွာနေပြည်သူလူထု များဖြင့်ပူးပေါင်း၍ရှင်းလင်းဖယ်ရှာပေးခဲ့ကာနေအိမ်ရှိမိသားစုဝင်များအားနီးစပ်ရာဆွေးမျိုးအိမ်များတွင်ယာယီနေထိုင်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အလားတူ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အိမ်မဲ-ဒါးက ကားလမ်းဘေးဝဲယာရှိသစ်ပင်(၁၃)ပင် လဲကျ၍လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသောကြောင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)