ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကော်ဖီစိုက်တောင်သူများထံသို့ ကော်ဖီနှင့်အခြားအရိပ်ရ ပျိုးပင်(၇၀၀၀၀)ကျော်ဖြန့်ဝေ

ငဖဲ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ-သီးနှံဌာနခွဲ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေး ခြံ(နတ်ရေကန်)တွင် တောင်ပေါ်ဒေသ ကော်ဖီစိုက်တောင်သူများထံသို့ ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့် အခြားအရိပ်ရ ပျိုးပင်များ (၇၀၀၀၀)ကျော်နှင့်  လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့က အဆိုပါ ကော်ဖီခြံကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင် က ရွှေ့ပြောင်းတောင်ယာစနစ်ကို လျော့ချပြီး ကျေးလက် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရှည်သီးနှံပင်များကို တိုးချဲ့စိုက်ပျိုးကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း က ကော်ဖီ GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်း က လာမည့်နှစ်မှာ ကော်ဖီစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကော်ဖီပျိုးပင်များ အားရှင်သန်အောင် စိုက်ပျိုးကြရန်နှင့် အရည်အသွေးမြှင့် ရောင်းတန်းဝင် ကော်ဖီစိုက်ပျိုး ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဒေသခံတောင်သူများအား ကော်ဖီနှင့် အခြားအရိပ်ရ ပျိုးပင်များ၊ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် ဖြန့်ဝေရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ကော်ဖီပျိုးပင် (၅၉၂၅၀)ပင်၊ ထောပတ်(၃၈၀၀)၊ မက္ကာဒေးမီးယားပင် (၆၀၀၀)၊ မျောက်ငို(၆၂၀၀)၊ စုစုပေါင်းပျိုးပင် (၇၅၂၅၀)ပင်နှင့် ကော်ဖီအချိုဓာတ်တိုင်း ကိရိယာ အခု(၁၀၀)၊ အစိုဓာတ်တိုင်းကိရိယာ (၁၀)ခု၊ ကော်ဖီမျိုးစေ့ ၂၅ ကိလိုဂရမ်နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လက်စွဲစာအုပ်စာစောင်တို့ကို ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ တောင်ပေါ် ကျေးရွာ (၁၀)အုပ်စုမှ ကော်ဖီစိုက်တောင်သူများက လက်ခံရယူခဲ့ကြသည်။

ငဖဲမြို့နယ် တောင်ပေါ်ဒေသ (နတ်ရေကန်)တွင် ၂၀၀၂ ခုနှစ်မှစတင်၍ အာရေဗီးကား (ကုန်းမြင့်) ကော်ဖီမျိုးကို စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိစိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ဧက ၄၀ နှင့် ပုဂ္ဂလိကတောင်သူ စိုက်ဧက ၁၀၀၁ ဧက စုစုပေါင်း ၁၀၄၁ ဧက စိုက်ပျိုးကြကြောင်း သိရသည်။

မယု(ငဖဲ)