မုံရွာ ဇွန် ၂၀
၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ကောင်စီ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များက ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဘိုခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ကသာခရိုင် အမျိုးသမီး ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြပြီး ရွှေဘိုခရိုင် ဘောလုံးအသင်းမှ ကသာခရိုင် ဘောလုံးအသင်းအား (၁)ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသန့်ဇင်ကိုကိုတို့က ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးဆု ရရှိသူများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသော အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင်စိုးက ပူးတွဲတတိယဆုရရှိသော ကန့်ဘလူခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ရီရီသန်းက ပူးတွဲတတိယ ဆုရရှိသော ယင်းမာပင်ခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်(၃) သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင် ဦးတင်သန်းဝင်းက ဒုတိယဆုရရှိသော ကသာခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်(၅)သိန်းအား လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က ပထမဆု ရရှိသော ရွှေဘိုခရိုင်ဘောလုံး အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ကျပ်(၇)သိန်း၊ တံခွန်စိုက်ဆုဖလားအား တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ကာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ပြိုင်ပွဲများမှ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်း လက်ရွေး စင်များ ရွေးချယ်ပြီး နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)