ပွင့်ဖြူမြို့နယ် မျိုးသန့်ခြံအတွင်း မျိုးစေ့ထုတ်စိုက်ပျိုး လယ်မြေများ စိုက်ပျိုးရေး အဆင်ပြေစေရန် ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိ

ပွင့်ဖြူ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မျိုးသန့်ခြံဝန်းအတွင်းရှိ မျိုးစေ့ထုတ် လယ်မြေများ ရာသီအလိုက် မျိုးစေ့ထုတ်သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများ အဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆိုလာစနစ်ဖြင့် မြေအောက်ရေ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက် ပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မျိုးသန့်ခြံသည် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တောင်သူများကို နှစ်စဉ် မျိုးကောင်းမျိုးသန့် စပါးနှင့် ကုလားပဲမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကာ အဆိုပါ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် မျိုးသန့်ခြံဝန်းရှိ စိုက်ပျိုး လယ်မြေဧက ၁၂၀ တွင် စနစ်တကျ စိုက်ပျိုးပြီး ထွက်ရှိလာသော မျိုးကောင်း မျိုးသန့်မျိုးစေ့များကို တိုင်းဒေသကြီးအတွင်း တောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Pilot အစီအစဉ်ဖြင့် ပွင့်ဖြူမြို့နယ် မျိုးသန့်ခြံဝန်းရှိ မျိုးစေ့ထုတ် စိုက်ပျိုးလယ်မြေများ မျိုးကောင်း မျိုးသန့်မျိုးစေ့ စပါးနှင့် ကုလားပဲသီးနှံအား တိုင်းဒေသကြီးအတွင်း စားနပ် ရိက္ခာဖူလုံစေရန်နှင့် တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပိုမိုထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် မူလရှိ လေးလက်မ စက်ရေတွင်းအား ဆိုလာစနစ်ဖြင့် မြေအောက်ရေ အသုံးချစိုက်ပျိုး နိုင်ရေးအတွက် တပ်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိုလာစနစ်တပ်ခြင်းလုပ်ငန်းကို Mega Global Green ကုမ္ပဏီနှင့် Pro Engineering ကုမ္ပဏီ တို့က တာဝန်ယူဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခု Pilot အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆိုလာတပ်ဆင်ခြင်းနှင့် ဆိုလာပန့်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မျိုးသန့်ခြံအနေဖြင့် မျိုးစေ့ထုတ် လယ်မြေများတွင် စပါးနှင့်ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်ရာတွင် မဲဇလီရေလွှဲဆည်ရေအပြင် လိုအပ်သော ဖြည့်စွက် စိုက်ပျိုးရေအား အဆင်ပြေစွာ အသုံးချနိုင်မည်ဖြစ်၍ တိုင်းဒေသကြီးအတွင်း မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းအား ပိုမိုအဆင်ပြေစွာ ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ် ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)