ညောင်လေးပင်မြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ညောင်လေးပင် ဇွန် ၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ညောင်လေးပင်မြို့ အ.ထ.က(၂)ကျောင်းနှင့် ပန်းတင်ကျေးရွာရှိ အ.ထ.က(ခွဲ) ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအနေဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ကျင်းပခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲ၌ ပိတောက်၊ ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယူကလစ် စသည့် စုစုပေါင်း ပျိုးပင် ၈၀၀ ကျော်အား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင် ဦးဆောင်၍ ပျိုးပင်များ ဖြန့်ဝေ စိုက်ပျိုးခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးသူရအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီး‌ရေးရာ အသင်းနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့် ပြည်သူ လူထုထံဖြန့်ဝေပေးနိုင်ရန် ပျိုးပင်ပေါင်း (၁၂၀၀၀)ပင်တို့အား မြို့မပျိုးဥယျာဉ်တို့တွင် စိုက်ပျိုးပြုစု ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)