ပွင့်ဖြူ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
လက်တွေ့သရုပ်ပြပွဲတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြင့်ခိုင်က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံအထွက်နှုန်းတိုးပွားရေး အီးအမ်ဘိုကာရှီ သဘာဝ မြေဆွေး ပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် တွေ့ကြုံရသည့် ပိုးမွှားရောဂါအန္တရာယ် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများနှင့် စိုက်ပျိုးရေဆိုင်ရာ နည်းစနစ်များကို မေးမြန်း ဆွေးနွေးကြရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြင့်ခိုင်နှင့် ဝန်ထမ်းများက ပြန်လည် ရှင်းလင်း ဖြေကြားပေးကာ ငွေအကုန်အကျ သက်သာစွာဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေး အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ပုံ အဆင့်ဆင့်အား လက်တွေ့သရုပ်ပြသရာ တောင်သူများ က စိတ်ဝင်တစ်စား ကြည့်ရှု၍ လိုအပ်သည်များကို ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)