ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

မုံရွာ ဇွန် ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ၁၈-၆-၂၀၂၁ ရက်နေ့တွင်​ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မင်းလှမြို့နယ်၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးများတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လည်းကောင်း၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ ချောက်မြို့တို့ရှိ မြန်မာ့အသံ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။

၁၉-၆-၂၀၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် မြို့နယ်ရုံးတို့တွင် လည်းကောင်း၊ ပေါက်မြို့နယ် နှင့် ပေါက်မြို့ ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ပြီး ပခုက္ကူထပ်ဆင့်လွှင့်စက်ရုံအား ဝင်ရောက်ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လည်းကောင်း၊ ၂၀-၆-၂၀၂၁ ရက်နေ့တွင် မုံရွာခရိုင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍လည်းကောင်း၊ မုံရွာမြို့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက်တွင် သတင်းစာအရည်အသွေး ပိုမိုကောင်းမွန်စေရန် ပုံနှိပ်စက်များ ပြင်ဆင်မွမ်းမံနေမှုအား ကြည့်ရှု၍ ဝန်ထမ်းများအား တွေ့ဆုံမှာကြား ခဲ့သည်။

ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် နိုင်ငံ့ဝန်ထမ်းပီသစွာ သစ္စာစောင့်သိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဘဝ ဂုဏ်ယူတန်ဖိုးထားတတ်ကြစေရန်၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကိစ္စများတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်၊ ရုံးအဆောက်အဦနှင့် စက်ပစ္စည်းများကို ထိန်းသိမ်းကိုင်တွယ် အသုံးပြုရာတွင် စနစ်တကျရှိပြီး လျော့နည်းပျောက်ဆုံးမှုမရှိစေရန်နှင့် သဘာဝဘေး အန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှု အန္တရာယ်မရှိအောင် ကြိုတင် ပြင်ဆင်ထားကြရန် စသည်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)