၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ဘောလုံးအသင်းအားအောင်နိုင်ရေးအလံပေးအပ်

ဘားအံ ဇွန် ၁၉

နေပြည်တော်တွင်ကျင်းပမည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် လက်ရွေးစင်ဘောလုံး အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဘောလုံး အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြသူများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးပါကြောင်း၊ ယခုသွားရောက် ယှည်ပြိုင်မည့်ပြိုင်ပွဲသည် လက်ရှိ ချန်ပီယံအသင်း အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် ဖိအား အနည်းငယ်ရှိ နိုင်သော်လည်း မိမိတို့ပြည်နယ်အတွက် အကောင်းဆုံးစွမ်းဆောင်ရည်များကိုပြသပြီး ကြိုးစားယှဉ်ပြိုင်ကစားကြရန်နှင့် ရရှိထားသည့်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုကြောင်း၊ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဘောလုံးအသင်း အောင်မြင်မှုအပေါ်မူတည်၍ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တစ်ပွဲအနိုင်ရပါက ငွေကျပ်(၁၀)သိန်း၊ ကွာတားအဆင့်တွင် အနိုင်ရပါက (၁၅)သိန်း၊ ဆီမီးအဆင့်တွင် အနိုင်ရပါက သိန်း(၂၀)နှင့် အနိုင်ရဗိုလ်စွဲပါက ငွေကျပ် သိန်း(၃၀)တိတိကို တစ်ပွဲချင်းစီ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးတံခွန်စိုက် ဒိုင်းဆုကြီးကို ကရင်ပြည်နယ်ဇွဲကပင်တောင်ရိပ်အောက်တွင် နားခိုနိုင်အောင် ဆောင်ရွက်ပေးနိုင်ကြရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့ပြီး ကရင် ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်နှင့် ကော်မတီဝင်များက အောင်နိုင်ရေးထောက်ပံ့ငွေနှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့်  Volunteers စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm  ဆက်လက်ထိုးနှံပေးနေမှု အခြေအနေများ၊ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးပေးမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပြီးခေတ္တ (နာရီဝက်ခန့်) အနားယူ စောင့်ဆိုင်းစေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား များပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)