ကျောက်ကြီး ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ် အတွင်းရှိ စည်ပင်သာယာ မြို့မဈေးနှင့်နတ်သံ ကွင်းဒေသရှိ စည်ပင်သာယာမြို့မစျေးတို့တွင် စျေးရောင်းဈေးဝယ်ပြုလုပ်နေသူများ ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရောင်းချမှုရှိ/မရှိကို ယမန်နေ့ မနက် (၈)နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ကြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျောက်ကြီးနှင့်နတ်သံကွင်းဒေသရှိ စည်ပင်သာယာဈေးထဲတွင် စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွန်ကြားချက်များနှင့်အညီ ကိုဗစ်−၁၉ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာခြင်း၊ လက်ဆေးဘေစင်နှင့် ဆပ်ပြာရည် အသုံးပြုခြင်းစသည့် စည်းကမ်းချက်များဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် ကိုဗစ်−၁၉ ရောဂါကာ ကွယ်ရေးဗီနိုင်းများ တပ်ဆင်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့်စျေးများတွင် ကိုဗစ်−၁၉ရောဂါ ကူးစက် ပြန့်ပွါးမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌထံမှ သိရှိရသည်။
K ခိုင်